Welcome to My Site

ကျွန်တော်သည် အသက်ကြီးမှ အိုင်တီပညာကို သင်ခဲ့ရပါသည်။နည်းပညာများထက် စာရေးခြင်း၊စာဖတ်ခြင်းကိုသာ ၀ါသနာကြီးပါ၏။ အွန်လိုင်းထဲမှ သုတ၊ရသစာပေများ ဗုဒ္ဓစာပေများကို ဖတ်ရ၊သိရ၊ကျင့်ရ၍ များစွာဝမ်းသာအားရ ပိတိဖြစ်နေမိပါသည်။ သြော် ငါသည် ဒီလောကထဲကို ရောက်ခဲ့တာ နောက်ကျလေစွ ဟု ကုန်ကျန်ခဲ့သော အချိန်များနှင့် အသက်တွေအား နှမျောလှပါသည်။ အသက်မသေမီ အွန်လိုင်းဘလော့ဂါများပေးသော အသိနှင့် အရှိကို တစ်ထပ်တည်းကျအောင် ဆက်လက်ကြိုးစားသွားပါမည်။ကျွန်တော်၏ စာများသည်လည်းလူသားအားလုံးအတွက် ဘ၀တိုးတက်ရေးကို အုတ်တစ်ချပ်၊သဲတစ်ပွင့် ပမာ လောက်တော့ အကျိုးပြုပေးလိမ့်မည်ထင်ပါသည်။စေတနာထား၍ရေးသားခြင်းအပေါ်အမြင်မတော်။အကြားမတော်သော အမှားများပါခဲ့ပါလျှင် ခွင့်လွှတ်ပေးကြပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊ နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊ ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း။ အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း၊ နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊ ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။ သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောက်အသစ် တကယ်ပြင်လျင်၊ ကောင်းဖို့ အစဉ်၊ ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား....

Tuesday, November 24, 2009

ဖြူးဆရာတော်ဘုရားကြီး ဦးနရပတိ ပျံလွန်တော်မူသွားပြီ



နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် (၂၄-၁၁-၂၀၀၉)အင်္ဂါနေ့ ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။
“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။
အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၂၄)ရက်၊ညနေ(၆)နာရီရေးတင်ပါသည်။
Share This

1 comments:

အနမ်း on November 24, 2009 7:06 PM said...

သာသနာတော်အတွက် အကျိုးပြုနေတဲ့သံဃာတစ်ပါး ဆုံးရှုံးသွားရပြန်ပြီပေါ့ ဦးရေ။ အထူးဝမ်းနည်းကြေကွဲရ ပါတယ်။

 

Blog Archive